Tuesday, 26 March 2013

အလွမ်းသင့်နေ့ရက်များ......

" မေ့လိုက်ပါတော့ မောင်ရယ်....."
ချစ်သူပြောတဲ့စကား
နားထဲမှာ တမာလိုခါးလို့
မှုန်ဝါးသွားတဲ့ ကိုယ့်အနာဂါတ်
ပလာစတာနဲ့တောင်ကပ်လို့မရအောင်
ကွဲခဲ့တဲ့ကိုယ့်အသဲ
အမြဲမခွဲဘူးလို့ပြောတဲ့ ချစ်သူစကားသံတွေ
လေမှာလျှောက်တဲ့ ခြေရာလို
ဖွေရှာမရတော့တဲ့ ကိုယ့်အဖြစ်...
ဆို့နှင့်နှင့်နဲ့ နှလုံးအိမ်မှာ
ပြုံးနေနိုင်စရာလုံးဝမရှိ
ချစ်သူမရှိတဲ့နေရက်များ
ခြေဖျားလေးတောင်မြေမနင်းချင်
အပြင်ထွက်ဖို့အင်အားမရှိ
ပျော့လွန်းတဲ့ကိုယ့်ရဲ့စိတ်
အတိတ်မှာသာ တွေးတောသာယာ
ဆွေးအခါခါ လွမ်းတသသ
မှန်းဆမရတဲ့ ကိုယ့်အနာဂါတ်
မှတ်မိနေတဲ့ အတွေးတွေကို
မှေးမှိန်ကွယ်ပြောက်အောင်
ဖြေဆေးလေးများရှိရင်
ပေးခဲ့ပါလားချစ်သူရယ်.......

No comments:

Post a Comment

Note: only a member of this blog may post a comment.