Sunday, 26 February 2012

လွမ်းတယ် ... မေမေရယ် ....

မေမေ ...
    သားရဲ့ဘ၀မှာ တန်ဖိုးအထားဆုံးအခွင့်အရေးဟာ မေမေ့ဘေးနားမှာနေပြီး မေမေ့ကို “ မေမေ ” လို့
မြတ်နိုးစွာခေါ်လို့ရတဲ့ အခွင့်အရေးပါ ... ။




မေမေ ...
    သားရဲ့ဘ၀မှာ အပျော်ရွှင်ရဆုံးအချိန်ဟာ မေမေက သားမျက်နှာကိုသေချာကြည့်ပြီး
 “ သားသမီးတွေထဲမှာ အချစ်ဆုံးပဲ ” လို့ ပြောတဲ့အချိန်ပါ ... ။




မေမေ ...
    သားရဲ့ဘ၀မှာ ... သားအမြတ်နိုးဆုံး ၊ သံယောဇဉ်အရှိဆုံး ၊ တန်ဖိုးအထားဆုံးလူသားဟာလည်း
“ မေမေ ” ပါ ပဲ................ လို့ ..........။


    မေမေဟာ သားအိပ်မပျော်တဲ့အခါမျိုးမှာလည်း မေမေရတဲ့သီချင်းတွေကို အသံချိုချိုလေးနဲ့ ဆိုပြီး ချော့သိပ်တတ်သေးတယ်နော်။
ကမ္ဘာကျော် အဆိုတော်တွေ မမှီနိုင်ပါဘူး မေမေ ။ မေမေ့ရင်ခွင်ထဲမှာ သားနားဆင်ခဲ့ရတဲ့ သံစဉ်ချိုအေး မေမေ့တေးတွေဟာ
ကမ္ဘာကျော်အဆိုတော်တွေဆိုတဲ့သီချင်းထက် အဆပေါင်းများစွာ နားထောင်လို့ ကောင်းခဲ့ပါတယ် ။
ဒီလိုနဲ့ ... သားအိပ်ပျော်သွားပြီဆိုမှ ပုခက်လေးပေါ်တယုတယ တင် ၊ သားပါးပြင်လေးတွေကိုအနမ်းလေးတွေတယုတယခြွေပြီး
သားနဲ့ မနီးမဝေးမှာ အိမ်အလုပ်တွေ လုပ်နေလေ့ရှိတယ် ။






    အိပ်ရာအထ ဂျီကျတတ်ပြီး  တအီအီနဲ့ ငိုတတ်တဲ့ သားအသံကိုကြားပြီဆိုတာနဲ့ မေမေဟာ လုပ်လက်စအလုပ်တွေပစ်ထားပြီး
သားဆီအပြေးလာခဲ့တယ်နော် ။ သားအကျင့်ကလဲ မျက်စိနှစ်လုံးပွင့်တာနဲ့ မေမေ့မျက်နှာကိုမမြင်ရရင်     အဲ့ဒီလို ခနခန ဂျီကျတတ်တဲ့ သားကို မေမေ ဘယ်သောအခါမှငြိုငြင်ခြင်းမရှိပဲ ပျော်ရွှင်နေတဲ့မျက်နှာနဲ့
အမြဲချော့မြှုပေးခဲ့တယ်နော် ။ “ ဒီကလေး .. မေမေရိုက်မိတော့မယ် ” လို့ပြောနေပေမယ့် မေမေ့မျက်နှာပေါ်မှာ
အပြုံးချိုချိုလေးကို မြင်နေရတော့ တကယ်မရိုက်ဘူးဆိုတာ သိပြီး သားကလည်း ပိုဆိုးနေတာပေါ့  ။




 ကျနော် ... မေမေ့ကို မေမေလိုအပ်သမျှ အစစအရာရာ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားချင်လို့ပါ ။
မေမေ ကျနော့်ကို ငယ်ငယ်က နေ့တိုင်းပျော်ရွှင်အောင်ထားပေးခဲ့သလို ကျနော်ကလည်းမေမေ့ကိုတခါပြန်ပြီး ထားချင်လို့ပါ ။
ငယ်ငယ်က ကျနော်လိုချင်တဲ့ ကစားစရာ ၊ အ၀တ်အစား မှန်သမျှ မရရအောင် ၀ယ်ပေးခဲ့သလို
အခုလည်း မေမေလိုအပ်တာမှန်သမျှ ကျနော်က ဖြည့်ဆည်းပေးနိုင်လောက်အောင် အစွမ်းအစတွေ ရှိချင်လို့ပါ ။






     အဲ့ဒီလို အစွမ်းအစရှိဖို့ဆိုတာလည်း ကျနော့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိမှဆိုတာ နားလည်ခဲ့မိပြီ မေမေ ။
မေမေ ပိုက်ဆံမမက်မှန်း သားသိပါတယ် ။ ကျနော်လည်း မေမေ့သားပါ .. ။ ပိုက်ဆံမမက်တတ်ပေမယ့် ...
မေမေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဆိုရင်တော့ ... ပိုက်ဆံမှမဟုတ်ဘူးမေမေ ၊ နတ်ပြည်မှာပေါက်တဲ့ နတ်ပန်းဖြစ်ပါစေ
ကျနော်မရရအောင်ရှာဖွေပြီး မေမေပြည့်စုံပျော်ရွှင်နိုင်အောင် ယူဆောင်လာပေးမှာပါ ... ။


    ကျနော်သွားရပါတော့မယ် မေမေ ... ရှိခိုးဦးချနေတဲ့ ကျနော့်မျက်နှာကို သေချာကြည့်ပြီး ဆုပေးလိုက်ပါဦး ... ။
ပြောချင်ပေမယ့် .. စကားသံတွေ မထွက်တော့ပါဘူး မေမေရယ် ..။ မေမေ့လိုတော့ မျက်ရည်မကျပေမယ့် ကျနော့်လည်ချောင်းထဲမှာလည်း ဆို့နင့်နေပါပြီ ။
တစ်ဘက်လှည့်နေတဲ့ မေမေ့မျက်နှာမှာ မျက်ရည်တွေဝဲနေမယ်ဆိုတာသိတော့ ... ကျနော် တိတ်တိတ်လေးပဲ ထွက်ခွာသွားလိုက်ပါတော့မယ် ။အလိုလိုငိုချင်နေမိတာ ... ။




    အဝေးဆုံးခွဲခွာယူဆောင်သွားတော့မယ့်ယာဉ်ပျံကြီးပေါ်ကို တက်ခဲ့ရပါပြီ ။
မငိုပါနဲ့တော့မေမေရယ်... ။ သား .. ကျိန်းသေ မေမေ့ဆီပြန်လာခဲ့မှာပါ .. ။ အဲ့ဒီနေ့တွေကျရင်တော့  မေမေ့နားက နောက်တစ်ခါ ဘယ်တော့မှ
ထပ်ပြီး ခွဲခွာမသွားတော့ပါဘူးလို့ ကတိပေးပါတယ် ... စိတ်ထဲက ပြောနေမိတဲ့စကားသံ ...၊ မေမေကြားနိုင်ရင် ကောင်းမှာပဲနော် ။


နောက်ဆုံး ... လေယာဉ်တံခါးပေါက်ရောက်တော့ မေမေရပ်နေတဲ့ နေရာလေးကို လှည့်ကြည့်မိတယ် ။
မေမေကျနော့်ကို လက်ပြနေတုန်းပဲ ... ။
ကျနော်လည်း မျက်ရည်တွေကြားထဲက မေမေ့ကို ပြုံးပြရင်းပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့ပါတယ် ။


လေယာဉ်ခရီးစဉ်တလျှောက်လုံးမှာမျက်လုံးမှိတ်ရင်း ကျနော့်စိတ်အာရုံထဲမှာ တ၀ဲဝဲ မြင်ယောင်နေမိတာက မေမေရဲ့ လက်ဖ၀ါးလေးကိုပါ ... ။
မေမေဟာ ဒီလက်ဖ၀ါးလေးနဲ့ပဲ ...
ကျနော့်ကို ထမင်းခွံ့ကျွေးခဲ့ဖူးပါတယ် ။
ရေမိုးချိုးရင်း အညစ်အကြေးတွေ ချေးညှော်တွေကို သုတ်သင်ပေးခဲ့ပါတယ် ။
စာရေးတတ်ခါစမှာလည်း ကျနော့်လက်သေးသေးကို အဲ့ဒီလက်ဖ၀ါးလေးနဲ့ဆုပ်ကိုင်ရင်း
လက်ရေးတွေ ညီအောင် သင်ပြပေးခဲ့ဖူးပါတယ် ။
ကျနော်ကျောင်းပြေးတဲ့အခါကလည်း ဒီလက်ဖ၀ါးလေးမှာ ၀ါးခြမ်းပြားသေးသေးလေးကို ကိုင်ပြီး  ကျနော့်ကို ရိုက်နှက်ဆုံးမခဲ့ဖူးပါတယ် ။
အိပ်မပျော်တဲ့ ညတွေမှာ မေမေ့ရင်ခွင်ကို ခေါင်းနဲ့ တိုးဝင်ပြီး ချွဲနွဲ့တဲ့အခါလည်း ကျနော့်ရဲ့ကျောပြင်ကို ဒီလက်ဖ၀ါးလေးနဲ့ပဲ ပွတ်သပ်ပေးခဲ့ပါတယ် ။


ခု ... ခွဲခွာရတဲ့အချိန်မှာလည်း မေမေဟာ မျက်ရည်တွေကြားက ဒီလက်ဖ၀ါးလေးနဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ပြန်ပါပြီ ။
    
  အဲ့ဒီနေ့တွေအမြန်ရောက်လာဖို့ ... အဝေးတစ်နေရာကနေ မေမေ ဆုတောင်းနေသလို
ကျနော်လည်း တကယ့်ကိုပဲ ... လွမ်းဆွတ်ကြေကွဲစွာ ဆုတောင်းနေပါတယ် ။
စိတ်ချပါမေမေ ... ၊ အချိန်တန်တော့ ကျနော့်ရဲ့အိမ်အပြန်လမ်းဟာ မေမေ့ရဲ့ရင်ခွင်မှတပါး အခြားမရှိပါဘူး ။
တစ်နေ့တော့ ကျနော်ပြုနေကျ အပြုအမူလို ......... “ မေမေ ” လို့ အကျယ်ကြီးအော်ပြီး ရင်ခွင်ထဲအပြေးလေး
လှမ်းဝင်ဖို့ ဟိုးအဝေးကြီးတစ်နေရာကနေ ပြန်လာခဲ့ပါ့မယ် ။


   
    အဲ့ဒီအခါကျရင် ... ကျနော့်ဘ၀တစ်လျှောက်လုံးကို အနန္တမေတ္တာတွေများစွာနဲ့ တယုတယထုဆစ်ခဲ့တဲ့
မေမေ့ရဲ့ လက်ဖ၀ါးလေးပြင်လေးကို အရင်ဆုံး ဦးချ ကန်တော့ပါရစေ မေမေ ... ။
ပြီးရင် မေမေက ကျနော့်ကျောပြင်ကို အဲ့ဒီ့လက်ဖ၀ါးလေးနဲ့ပဲ တယုတယပွတ်သပ်ရင်း အပြုံးတွေကြားမှာ
မျက်ရည်ဝဲနေလိမ့်မယ်ဆိုတာ ... ကျနော် ကြိုတင် မြင်ယောင်နေမိပါတယ် ။
ဒါပေမယ့် ... အဲ့ဒီနေ့မှာ တတိယအကြိမ်မြောက် ကျနော့်အတွက်ကျရတဲ့ မေမေရဲ့ မျက်ရည်ဟာ
စိတ်ညစ်ရလို့ ၊ ၀မ်းနည်းလို့ မဟုတ်ဘူးဆိုတာတော့ ကျိန်းသေပါတယ် မေမေ ။
မေမေရဲ့ ရင်ခွင်ထဲက နေ့ပေါင်းများစွာ ပျောက်ဆုံးသွားတဲ့ တုနှိုင်းမဲ့ရတနာတစ်ပါးကို ပြန်လည်တွေ့ရှိခွင့်ရတဲ့အတွက်
ဝမ်းသာလို့ ကျတဲ့မျက်ရည်ပဲ ဖြစ်မှာပါ




     အဝေးတစ်နေရာကနေ မေမေ့ရဲ့ လက်ဖ၀ါးလေးတွေကို ဦးခိုက်ပူဇော်နေတဲ့
                         ချစ်တဲ့ ..... မေမေရဲ့ သားကြီး






                        ( ဆရာတော်အရှင်က္ကုဒ္ဓိပါလ ၏ “ အမေများနေ့အမှတ်တရ ” စာအုပ်မှ ကိုးကားပါသည် ။ )







No comments:

Post a Comment

Note: only a member of this blog may post a comment.